Social Icons

Pages

Thursday, March 29, 2012

နိုင်ငံခြားသား ပညာရှင်တွေရဲ့ စားကျက်ဖြစ်လာသော တရုတ်တက္ကသိုလ်များ


မစ်ရှီဂန်တက္ကသိုလ် ဥပဒေဌာနရဲ့ ပါမောက္ခ Jeffrey S.Lehman ဟာ ၁၉၉၀ ခုနှစ်ကျော်များအတွင်း တရုတ်နိုင်ငံရဲ့ နာမည်ကျော် ပီကင်းတက္ကသိုလ် ဥပဒေဌာနမှာ နွေရာသီဥပဒေ သင်တန်းတွေဖွင့်ဖို့သွားရောက်ခဲ့ပါ တယ်။ Jeffrey S.Lehman ကတော့ သူရဲ့ လုပ်ဖေါ်ကိုင်ဖက်ပညာရှင်တွေအနေနဲ့ တရုတ်ရဲ့ ဥပဒေကို လေ့လာ နိုင်ပြီး နှစ်ဦးနှစ်ဘက်အကျိုးရှိစေမယ် လို့တွေးခဲ့ပါတယ်။



ကော်နဲလ် တက္ကသိုလ် အဓိပတိဟောင်း Mr.Lehman ဟာ ယခင်က တရုတ်တက္ကသိုလ်တွေမှာ လုပ်ဖို့ စိတ်ကူးမရှိခဲ့ပါ ဘူး။ ၂၀၀၇ အရောက်မှာတော့ ပီကင်းတက္ကသိုလ်က ပညာရှင်တွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာပြီး အမေရိကန် ဥပဒေကို သင်ကြားပေးဖို့တောင်းဆိုလာခဲ့ပါတယ်။ အဲဒီနှစ် နွေရာသီ အရောက်မှာဘဲပီကင်းတက္ကသိုလ် နိုင်ငံတကာ ဥပဒေကျောင်းကိုတည်ထောင်ပြီး Mr ကြတည်ထောင်သူ၊ အဲဒီဌာနရဲ့ အကြီးအကဲနဲ့ အဓိပတိ ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတကာ ဥပဒေ ကျောင်းကို တည်ထောင်စဉ်ကတည်းက နိုင်ငံခြားသား ပညာရှင်တွေ အထူးသဖြင့် အမေရိကန်၊ ဂျာမန်၊ ဗြိတိန်နဲ့ တောင်ကိုးရီးယား က ပညာရှင်တွေ လာရောက် လုပ်ကိုင်မှု တိုးတက်လာခဲ့ပါတယ်။

တရုတ်တက္ကသိုလ် ဥပဒေ ကျောင်းတွေမှာ နိုင်ငံခြားသား ပညာရှင်တွေ များလာတာကလည်း အကြောင်းရှိပါတယ်။ အနောက် နိုင်ငံတွေမှာ တက္ကသိုလ်တွေကို ထောက်ပံ့မှု လျှော့ချခြင်းနဲ့ အတူ ပညာရှင်တွေကလည်း အခွင့်အလမ်းတွေ ပွင့်နေတဲ့ တရုတ်ပြည်ဘက်ကို ခြေဦးလှည့်လာကြပါတယ်။ တရုတ် တက္ကသိုလ်တွေကလည်း နိုင်ငံခြားက ပညာရှင်တွေကို ၀မ်းပန်းတသာ ကြိုဆို လက်ခံပါတယ်။

တရုတ်နိုင်ငံက ပုဂ္ဂလိက တက္ကသိုလ်တွေလည်း နိုင်ငံခြားသား ပညာရှင်တွေကို ခေါ်ယူမှုများလာတာနဲ့ အတူ အစိုးရကလည်း ဖိတ်ခေါ်မှုတွေ ရှိလာပါတယ်။ တရုတ်နှင့် ဂလိုဘယ်လိုင်ဇေးရှင်း လေ့လာရေးဌာနရဲ့ ဒါရိုက်တာ Wang Huiyao ကလည်း တရုတ်နိုင်ငံမှာ နိုင်ငံခြားသား ပညာရှင် အများအပြားကို တွေ့မြင်လိုကြောင်း ပြောဆိုခဲ့ပါတယ်။

ထာင်ချီ နိုင်ငံခြားသား ပညာရှင် အစီအစဉ်ကို လွန်ခဲ့တဲ့နှစ်က စတင်ခဲ့ပါတယ်။ အဲဒီအစီအစဉ်က နိုင်ငံရပ်ခြားက စွန့်ဦးတီထွင်သူတွေ၊ ပညာရှင်တွေ တစ်ထောင်ကျော်ကို သုတေသနနှင့် ခေတ်မှီဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ခေါ်ယူဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ပါဝင်ဖို့ နိုင်ငံခြားသား ပညာရှင် ၂၀၀ ကိုစုဆောင်းနိုင်ခဲ့တယ်လို့ ဆင်ဟွာ သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ပညာရှင် အများစုက အမေရိကန်၊ ဂျပန်နှင့် ဂျာမဏီ နိုင်ငံတို့က ဖြစ်ကြပါတယ်။

 ဒီစီမံကိန်းတိုးချဲ့ပြီး ထောင်ချီ ထူးချွန်ထက်မြက် အစီအစဉ်ကိုလည်း ချမှတ်ခဲ့ပါတယ်။ ဒီစီမံကိန်းမှာ ပညာရှင် ၁၆၀၀ ကျော်ကို ခေါ်ယူနိုင်ခဲ့ပြီး တဝက်ကျော်က တရုတ်ပြည်ဖွား တွေဖြစ်ကြောင်း ဒီစီမံကိန်းရဲ့ အကြံပေး ပုဂ္ဂိုလ် Wang မှပြောဆိုခဲ့ပါတယ်။ တရုတ် အစိုးရအနေဖြင့်လည်း နိုင်ငံခြားသား ပညာရှင်တွေကို ခေါ်ယူမှုကို တိုးမြှင့်ဖို့လုပ်ဆောင် နေပါတယ်။

အစီအစဉ်သစ်ရဲ့ အောက်မှာ လုပ်ကိုင်ခွင့်ရရှိတဲ့ နိုင်ငံခြားသား ပညာရှင်တွေဟာ တနှစ်ကို တရုတ်ငွေ တသန်း (အမေရိကန် ဒေါ်လာ တသိန်း ခြောက်သောင်း ၁၆၀၀၀၀) နီးပါးရရှိကြပါတယ်။ သိပ္ပံသုတေသန ပညာရှင်တွေကတော့ တရုတ်ငွေ သုံးသန်းကနေ ငါးသန်း အထိ ရရှိကြပါတယ်။ အမေရိကန် ဒေါ်လာနဲ့တွက်ရင် ဒေါ်လာ လေးသိန်းရှစ်သောင်း ကနေ ဒေါ်လာ ရှစ်သိန်း အထိရရှိကြပါတယ်။

တရုတ်နိုင်ငံ အုပ်ချုပ်ရေးဌာန နိုင်ငံခြားရေးရာ ကျွမ်းကျင်သူတွေ ဖွင့်လှစ်မယ့် အစီအစဉ်မှာ အနောက်နိုင်ငံ အသိအမှတ်ပြု နိုင်ငံခြားက ကျွမ်းကျင်သူ ပါမောက္ခတွေကို ဖိတ်ခေါ်ဖို့ စီစဉ်ထားပါတယ်။ ဒီင်္အစီအစဉ်ကလည်း နိုင်ငံခြားသား ပညာရှင်တော်တော်များများကို ခေါ်ယူနိုင်လိမ့်လို့ မျှော်မှန်းထားပါတယ်။ ဥရောပ နိုင်ငံတွေမှာ ပညာရေးနှင့် သုတေသန လုပ်ငန်းတွေအပေါ် ထောက်ပံ့ကြေး ဖြတ်တောက်မှုနှင့် တရုတ်အစိုးရရဲ့ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှု ပုံအောလာတာတွေက ပညာရှင်တွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ပညာရှင် Mr.Idelson ဟာ ပြင်သစ်-အင်္ဂလိပ် ကပြားဖြစ်ပြီး ပီကင်းတက္ကသိုလ် HSBC Business School ကျောင်းမှာ တွဲဘက်ပါမောက္ခ အဖြစ် အလုပ်လုပ်နေတဲ့ ပညာရှင်ဖြစ်ပါတယ်။ Mr.Idelson ဟာ ယခင်က ပဲရစ်မှာရှိတဲ့ Essec Business ကျောင်းမှာ အလုပ်လုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။ Mr.Idelson စဉ်းစားချက်က  သုတေသန လုပ်နိုင်မှုရှိမရှိ၊ လူမှုရေးအရ ၀င်ဆန့်နိုင်မယ့် အခြေအနေ နှင့် နောက်ဆုံးအချက်က ငွေကြေးကဏ္ဍ ဖြစ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ မျှော်မှန်းချက်နဲ့ ပီကင်းတက္ကသိုလ်ရဲ့ ချီးမြှင့်မှုက သူ့အတွက် ကွက်တိဖြစ်နေပါတယ်။

ဟောင်ကောင်တက္ကသိုလ် နိုင်ငံတကာ ပညာရေးဌာနက တွဲဘက် ပါမောက္ခက တရုတ်နိုင်ငံက တက္ကသိုလ်တွေဟာ အစိုးရရဲ့ ထောက်ပံ့မှုနှင့် နိုင်ငံခြားသား ပညာရှင်တွေကို ဖိတ်ခေါ်နိုင်ပြီ လို့ပြောဆိုခဲ့ပါတယ်။ တက္ကသိုလ်များကလည်း ဆွဲဆောင်မှုရှိစေဖို့ နိုင်ငံခြားသားများကို ဖိတ်ခေါ်ပြီး အပြိုင်အဆိုင် လုပ်လာကြပါတယ်။

နိုင်ငံခြားသား ပညာရှင်တွေကို ခန့်ထားနိုင်မှုက ကျောင်းသားတွေကို ဆွဲဆောင်နိုင်ပြီး ပြည်သူတွေရဲ့ အသိအမှတ် ပြုမှုကို ရရှိစေပါတယ်။ ထိပ်တန်း နိုင်ငံတကာ ပညာရှင်တွေရှိစေမှုက သုတေသန လုပ်ငန်းအတွက် ငွေကြေးထောက်ပံ့မှုကို ဆွဲဆောင်နိုင် စေတဲ့ အပြင် နိုင်ငံတကာ ပညာရှင် အသိုင်းအဝိုင်းနှင့် ဆက်ဆံမှုကိုပါ အထောက်အကူ ဖြစ်စေပါတယ်။

နိုင်ငံတကာ ပညာရှင်တွေ အင်္ဂလိပ်လို ရေးတဲ့ စာတမ်းက ဒေသခံပညာရှင်တွေ အတွက် အခက်အခဲ ဖြစ်ပေမယ့် နိုင်ငံတကာ အသိအမှတ် ပြုမှုမှာ တက္ကသိုလ် အတွက် အကျိုးများစေပါတယ်။ တရုတ်နိုင်ငံက တက္ကသိုလ်တွေဟာ အထူးသဖြင့် အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေက ပညာရှင်တွေကို ပိုမို သဘောကျနှစ်ခြိုက်ပါတယ်။ ဒီနိုင်ငံခြားသား ပညာရှင်တွေ တရုတ်နိုင်ငံမှာ အလုပ်လုပ်ချင်လာအောင် ကမ္ဘာတဝှမ်းရှိ တရုတ်ပညာရှင်တွေကလည်း ဆက်သွယ် ဆောင်ရွက်ပေးပါတယ်။

လန်ဒန်အခြေစိုက် သုတေသနပညာရှင် Alex Katsomitros က တရုတ်တက္ကသိုလ်တွေဟာ အထူးသဖြင့် ပင်မဆဲလ် သုတေသန၊ သိပ္ပံ၊ နည်းပညာ၊ အင်ဂျာနီယာ၊ သင်္ချာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေကို ပိုမို စိတ်ဝင်စားလေ့ ရှိကြောင်း၊ ဒီဘာသာရပ်တွေက တရုတ်ရဲ့ စိးပွားရေးဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်ပြီး နိုင်ငံရေးနှင့် ပတ်သက်မှု မရှိလို့ ဖြစ်ပါတယ် လို့ပြောဆိုခဲ့ပါတယ်။ လူမှုရေး သိပ္ပံနှင့် ၀ိဇ္ဖာ ဘာသာရပ်ပညာရှင်တွေက တရုတ်နိုင်ငံမှာ ပြောင်းရွှေ့ပြီး လုပ်ကိုင်လိုစိတ် မရှိကြပါဘူး။

HIVကိုရှာဖွေတွေ့ရှိမှုနှင့် ၂၀၀၈ ခုနှစ် နိုဗယ်ဆုရှင်Montagnier ဟာ ၂၀၁၀ ခုနှစ်မှာ ရှန်ဟိုင်းမှာရှိတဲ့ Jiaotong တက္ကသိုလ်မှာ သုတေသန ဌာနတခုကို တည်ထောင်ပြီး လုပ်ကိုင်နေပါတယ်။ ၂၀၁၀ ခုနှစ် သိပ္ပံဂျာနယ်နဲ့ ပြုလုပ်တဲ့  အင်တာဗျူးတခုမှာ အသက် ရ၈ နှစ်အရွယ်ရှိ Montagnier က သူဟာ အသက်အရွယ်အရရော၊ ပြင်သစ်နိုင်ငံရဲ့ ပင်စင်ဥပဒေအရ ပြင်သစ်နိုင်ငံမှာ အလုပ်လုပ်ခွင့်မရှိတော့တဲ့ အပြင် သုတေသန လုပ်ငန်းအတွက် ထောက်ပံ့ကြေးရရှိရန် ခက်ခဲတဲ့အတွက် တရုတ်နိုင်ငံမှာ လုပ်နေရတာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သုတေသန ပညာရှင် Alex Katsomitros က တရုတ်တက္ကသိုလ်တွေဟာ ထင်ပေါ်ကျော်ကြားမှုကိုသာ စိတ်ဝင်စားပြီး သုတေသရဲ့ ရလဒ်ကို စိတ်ဝင်စားမှု နည်းကြောင်း ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံကို သုတေသန ပညာရှင်တွေ စီးဆင်းလာတာဟာ အတိတ်ကာလတုန်းက စိုးရိမ်စရာဖြစ်ပေမယ့် ခေတ်သစ်ကာလမှာတော့ စိုးရိမ်စရာ မလိုတော့ပါဘူး။

ခေတ်ကာလ အနေအထားအရ အဆင့်မြင့် ပညာရေးနှင့် သုတေသန လုပ်ငန်းတွေကို နိုင်ငံတကာမှာ ခြေဆန့်ပြီး လုပ်လာတဲ့ သဘောဖြစ်ပါတယ်။ တရုတ်နိုင်ငံကို ဘက်ပြောင်းသွားတာမျိုး မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လုပ်နေတဲ့ ပညာရှင်တွေ အနေနဲ့လည်း မိမိနိုင်ငံကို တန်ဘိုးရှိတဲ့ အတွေ့အကြုံ ဗဟုသုတတွေကို ပြန်ယူလာနိုင်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လှရွှေ
 Source ; Chinese Universities Send Big Signals to Foreigners

Sailor Moon 

0 comments:

Post a Comment

 

Sample text

Sample Text